မကြာခဏ စိတ်အလိုမကျဖြစ်တတ်တဲ့ ကလေးတွေအကြောင်း
ပုံမှန်အားဖြင့် ကလေးတွေ အသက် (၄) နှစ်ကစလို့ ဆယ်ကျော်သက်မတိုင်ခင်အထိ တစ်ရက်ကို အများဆုံး (၉) ကြိမ်လောက်အထိ ဂျီကျတာ၊ စိတ်အလိုမကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်အလိုမကျဖြစ်တဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထုတ်ဖော်တဲ့အနေနဲ့ ခြေထောက်ကန်တာ၊ ငိုကြွေးတာ၊ ခြေဆောင့်နင်းတာ၊ အရုပ်တွေ ပစ်ပေါက်တာ၊ အော်ဟစ်တာတွေ လုပ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဒါကို ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာတဲ့ ရုပ်လက္ခဏာတွေလို့ ယူဆတတ်ပါတယ်။
ဘယ်အရွယ်မှာ စိတ်အလိုမကျမှုတွေ ရပ်တန့်သွားတတ်လဲ
ပုံမှန်အားဖြင့် နို့တိုက်အရွယ်မှာ စပြီးဂျီကျတတ်တဲ့ ကလေးအများစုက မူကြို၊ သူငယ်တန်းပြီးသွားတဲ့အခါ နဂိုစိတ်အလိုမကျဖြစ်တတ်တဲ့ အပြုအမူတွေ မလုပ်သလောက် နည်းသွားပါတယ်။ တချို့တွေမှာတော့ အသက်ကြီးတဲ့အထိ ပါသွားတတ်ပြီး အခြေအနေပေါ် မူတည်လို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ပြသပြီး ကုသမှုခံဖို့ လိုတာတွေ ရှိနိုင်ပါတယ်။
ကလေးတွေကို စိတ်အလိုမကျဖြစ်အောင် ဘာတွေက လုပ်နိုင်လဲ။
အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက တစ်ခုဆိုရင် လိုချင်တာကို မရတဲ့အခါ၊ မလုပ်ချင်တဲ့အရာတစ်ခုကို လူကြီးတွေက အတင်းလုပ်ခိုင်းလိုက်တဲ့အခါ ကလေးတွေရဲ့ စိတ်မှာ စိတ်အလိုမကျမှုတွေ ဖြစ်ပြီး၊ ဂျီကျတတ်တဲ့ အပြုအမူတွေကို အလိုအလျောက်လုပ်တတ်ပါတယ်။ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေအနေနဲ့
၁။ စိတ်ကျန်းမာရေး ပြဿနာတွေပါ တွဲလျက်ပါလာတာ
- တက်ကြွလွန် စိတ်ကျန်းမာရေးပြဿနာ (ADHD)
- အော်တစ်ဇင်ပြဿနာ (Autism)
- စွဲလမ်းလွန်ကဲမှု ပြဿနာ (OCD)
- Tourette’s Syndrome တွေ ရှိနေတာ
- စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲမှုတွေ ခံစားနေရတာ
၂။ ပတ်ဝန်းကျင်ကြောင့် ပိုဆိုးလာတာ
- မိဘက မထိန်းကျောင်းဘဲ ပစ်ထားတာ
- ကလေးကို အလိုလိုက်လွန်းတာ
- ကလေးဂျီကျတာကို ဖြစ်သင့်တယ်လို့ ယူဆပြီး လွှတ်ပေးထားတာ
- မိသားစုတွင်း အိမ်တွင်းရေး ပြဿနာတွေရှိနေတာ
- မလိုအပ်ဘဲ အပြစ်ပေးလွန်းတာ၊ စည်းကမ်းတင်းကြပ်လွန်းတာတွေကြောင့် ပိုဆိုးသွားနိုင်ပါတယ်။
အကယ်လို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးက
- တခြားကလေးတွေထက်ပိုပြီး ဂျီကျ၊ စိတ်အလိုမကျ ဖြစ်တတ်တယ်ဆိုရင်
- စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်လက္ခဏာတွေကို မြင်တွေ့နေရတယ်ဆိုရင်
- ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ အခက်အခဲ ကြုံတွေ့နေရတယ်ဆိုရင်
- ကိုယ်ထိလက်ရောက် ကျူးလွန်တတ်တဲ့၊ ကြမ်းတမ်းတဲ့ အပြုအမူတွေပါ လုပ်တတ်တယ်ဆိုရင်
နားလည်တတ်ကျွမ်းတဲ့ Therapist တွေနဲ့ တိုင်ပင်ပြီး ဆွေးနွေးကြည့်နိုင်ပါတယ်။ Therapists တွေကနေ မိဘတွေရဲ့ ထိန်းကျောင်းမှု၊ အိမ်တွင်းရေးအခြေအနေတွေကို အရင်ဆုံးမေးမြန်းပြီးတော့မှ ကလေးနဲ့ နှစ်ဦးကြားဆွေးနွေးပြီး ပြဿနာကို အကဲခတ်မှာဖြစ်ပါတယ်။
ကုသနည်းလမ်းတွေအနေနဲ့
၁။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်နဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ CBT ကုထုံး
၂။ စိတ်အလိုမကျဖြစ်စေတဲ့ အရာတွေကို ကလေးတွေကို သတ်မှတ်ဖော်ထုတ်ခိုင်းပြီး ဒီပြဿနာတွေဖြစ်လာတဲ့အခါ ကလေးတွေကို Aware ဖြစ်စေခြင်း
၃။ ဂျီကျပြီး သောင်းကျန်းတဲ့ပုံစံမျိုးမဟုတ်ဘဲ ကိုယ့်စိတ်အလိုမကျမှုကို ကျန်းမာပြီး မိသားစုတွေအတွက် စိတ်အနှောင့်အယှက်မဖြစ်စေမဲ့ နည်းလမ်းနဲ့ ဖြေဖျောက်ခိုင်းတာ
၄။ ဒေါသဖြစ်စေတဲ့ အပြုအမူ၊ အခြေအနေတွေကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ စိတ်ဖြေဖျောက်စေခြင်း
၅။ ဒေါသကို စီမံခန့်ခွဲပြီး ထိန်းချုပ်ခြင်း PMT ကုထုံး စတဲ့နည်းလမ်းတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ အခြေအနေတွေကို အမှုမဲ့အမှတ်မဲ့ မနေဘဲ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို မြင်တွေ့နေရတယ်၊ ပြဿနာတစ်ခုခုရှိတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်ပြသဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်